မလိုအပ်ဘဲ ဆေးတွေသောက်ရင် ကျောက်ကပ်ပျက်မှာလား
ကာလရှည်ကြာ ဆေးဝါးတွေကို မလိုအပ်ဘဲ သောက်တာ၊ အရက်သေစာ သောက်စားတာတွေက ကျောက်ကပ်ကို ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်ပါတယ်။ ဆေးဝါးကြောင့် ကျောက်ကပ်ပျက်စီးမှုက တိုက်ရိုက်သက်ရောက်တာမျိုး မရှိပေမယ့် ဆေးဝါးတွေထဲမှာပါတဲ့ အချို့သောအရာတွေက ကျောက်ကပ်ကို သွယ်ဝိုက်သော နည်းဖြသ့် ထိခိုက်စေပါတယ်။
ဘယ်လိုလဲဆိုတော့ ဆေးတွေကို သောက်လိုက်တဲ့အခါ ဆေးကို ဖြိုခွဲမှုက ကျောက်ကပ်ရဲ့ ပြင်ပမှာ ဖြစ်ပွားတဲ့ ဖြစ်စဉ်ပါ။ ဒါပေမယ့် ဆေးတွေကြောင့် ဖြစ်တဲ့ nephrotoxic effects တွေက ကြွက်သားတွေကို ပြိုကွဲစေတာ၊ ကိုယ်အပူချိန် မြင့်တက်တာတွေကို ဖြစ်စေရာကနေ ကျောက်ကပ်ကို ထိခိုက်ရတာပါ။
ကျောက်ကပ်ရဲ့ လုပ်ငန်းစဉ်တွေနဲ့ ကျောက်ကပ်ကို ထိခိုက်စေနိုင်တဲ့ ဆေးဝါးတွေက ဘာတွေများဖြစ်မလဲဆိုတာကို ဆက်ပြောပြပေးသွားပါမယ်။
များသောအားဖြင့် မလိုအပ်ဘဲ သုံးလိုက်တဲ့ ဆေးဝါးတွေက ကျောက်ကပ်ကနေတဆင့် ခန္ဓာကိုယ် ပြင်ပကို ထွက်လာကြ ပါတယ်။ ကျောက်ကပ်ရဲ့ အလုပ်က ခန္ဓာကိုယ် အနှံ့က သွေးတွေကို စစ်ထုတ်ပေးပြီး ပိုလျှံနေတဲ့ အရာတွေနဲ့ အညစ်အကြေးတွေကို ဆီးအဖြစ် စွန့်ထုတ်ပေးပါတယ်။ ဆီးဆိုတာက ခန္ဓာကိုယ်ထဲက ပိုလျှံနေတဲ့ အရာတွေနဲ့ အညစ်အကြေးတွေပါ။ ကျောက်ကပ်က စစ်ထုတ်ပြီး ဆီးအိမ်ထဲမှာ သိုလှောင်လို့ ဆီးစွန့်ပြွန်ကနေတဆင့် ပြင်ပကို စွန့်ထုတ် ပါတယ်။
ကျောက်ကပ်တွေက အချင်းချင်းချိတ်ဆက်ပြီး ကိုယ်တွင်းမှာ ဓာတ်ဆားမျှတစေဖို့ လုပ်ဆောင်ပေးသလို သွေးထဲမှာ အရည်တွေစုနေတာမျိုး မဖြစ်အောင် လုပ်ဆောင်ပေးတာပါ။
အရက်နဲ့ ဆေးဝါးတွေကလည်း သွေးထဲမှာ ပျော်ဝင်တာကြောင့် ကျောက်ကပ်က စစ်ထုတ်ရပါတယ်။ ဒါကြောင့် မလိုအပ်ဘဲ ဆေးတွေ သောက်သုံးတာ ဆေးတွေကို အလွဲသုံးစားလုပ်တာက ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။ နောက်တစ်ချက်က ဆေးတွေကို ဆေးညွှန်းအတိုင်း မသုံးတာကလည်း ကျောက်ကပ် ပျက်စီးစေရတဲ့ အကြောင်းအရင်း တစ်ခုပါပဲ။
သောက်လိုက်တဲ့ ဆေးတိုင်းကတော့ ကျောက်ကပ်ကို ဖျက်ပြီးမှာ ခန္ဓာကိုယ် ပြင်ပကို ရောက်ရှိတာပါ။ ဒါကြောင့် ပုံမှန် မဖြစ်မနေ သောက်ရမယ့် ဆေးတွေကို ပမာဏ ပိုသောက်တာ၊ ဆေးတွေကို မလိုဘဲ သောက်တာတွေ မလုပ်ဖို့ လိုပါမယ်။
အထူးသဖြင့် အကိုက်အခဲပျောက်ဆေးတွေ၊ ပိုးသတ်ဆေးတွေ၊ ဝမ်းနှုတ်ဆေးတွေ နဲ့ တရားမဝင်ဆေးဝါးတွေ၊ အရက်သေစာတွေပါ။ အကိုက်အခဲပျောက်ဆေးတွေဆိုတဲ့ နေရာမှာ အက်စပရင်၊ နာပရိုဇင်၊ အိုင်ဗျူပရိုဖန်စတာတွေက နေ့တိုင်း သောက်လို့ မကောင်းပါဘူး။ ဒီဆေးတွေက OTC ဆေးတွေဆိုပေမယ့် နေ့တိုင်းလိုလို သောက်မယ်ဆိုရင် အချိန်ကြာလာတဲ့အခါ ကျောက်ကပ် ပျက်စီးလာမှာပါ။
နောက်တစ်ခုက ပိုးသတ်ဆေးတွေပါ။ ပိုးသတ်ဆေးတွေကို သောက်တဲ့အခါ ဆေးညွှန်းမှန်မှန်နဲ့ ဆေးပတ်လည်အောင် သောက်ရပါမယ်။ ပိုးသတ်ဆေးက ဆေးပတ်လည်အောင် မသောက်ရင် ဆေးယဉ်ပါးမှု အန္တရာယ် ရှိနိုင်သလို ပမာဏ များများ သောက်မိရင် ကျောက်ကပ် ထိခိုက်နိုင်ပါတယ်။ ပိုးသတ်ဆေးတွေကို ဆရာဝန် ညွှန်တဲ့အတိုင်း အတိအကျ လိုက်နာ သောက်သုံးဖို့ လိုပါမယ်။
နောက်တစ်ခုက ဝမ်းနှုတ်ဆေးပါ။ ဝမ်းနှုတ်ဆေးကလည်း ဆေးစာမလိုဘဲ ဝယ်လို့ရတဲ့ OTC ဆေးတွေပါ။ ဝမ်းသွားစေပြီး အူမကြီးကို ရှင်းပေးတာ မှန်ပေမယ့် ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။
ဆိုးဆေးတွေ အထူးသဖြင့် MRIs နဲ့ CT-scans တို့လိုမျိုး ပုံရိပ်ဖော်စစ်ဆေးမှုတွေအတွက် အသုံးပြုရတဲ့ ဆိုးဆေးက ကျောက်ကပ်ကို ထိခိုက်စေပြီး ကျောက်ကပ်ရောဂါ ရှိသူတွေမှာဆိုရင် ပိုပြင်းထန်နိုင်ပါတယ်။
မူးယစ်စေတဲ့ ဆေးဝါးတွေဖြစ်ကြတဲ့ ကိုကင်း၊ ဘိန်းဖြူ၊ အက်ဖက်တမင်းလို ဆေးတွေကလည်း ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။ နောက်ဆုံးတစ်ခုကတော့ အရက်ပါ။ အရက်သေစာကို အလွန်အကျွံ သောက်သုံးတာက အသည်းကိုရော ကျောက်ကပ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။
ဒီတော့ ဘာလုပ်သင့်လဲ?
ကျောက်ကပ်ကို ထိခိုက်မှု ကင်းချင်တယ်ဆိုရင် မလိုအပ်ဘဲ ဆေးတွေ မသောက်ပါနဲ့။ ညွှန်ကြားချက် အတိုင်းပဲ ဆေးကို သောက်ပါ။ နေထိုင်မကောင်းတဲ့အခါမှာလည်း ရောဂါနဲ့ ကိုက်ညီတဲ့ ဆေးတွေကိုပဲ တိုက်ပေးပါ။ ဆေးတစ်ခုခု သောက်ပြီး ကိုယ်ထဲမှာ နေရတာ မအီမသာဖြစ်မယ်ဆိုရင် ဆရာဝန်နဲ့ ချက်ချင်းပြပါ။
မွန်မွန်